ဒီဇာတ်ကားက Ice age franchiseရဲ့ တတိယဇာတ်ကား ဖြစ်ပြီး၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီကားရဲ့အဓိကဇာတ်ဆောင်ကအချစ်တော် ဆလော့တ် ဆစ်ဒနီပဲဖြစ်ပါတယ်။ ကမ္ဘာဦးရေခဲခေတ်မှာ သူတို့မသိထားတဲ့ မြေအောက်ကမ္ဘာတစ်ခု ရှိနေခဲ့ပြီး တစ်နေ့မှာအဲဒီကမ္ဘာကို သွားတဲ့ဝင်ပေါက်တစ်ခုကို ဆစ်ဒ်က ကံအားလျော်စွာရှာတွေ့သွားခဲ့ပါတယ်။ မိသားစုရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ဆစ်ဒ်ဟာသူငယ်ချင်း မန်နီရဲ့မိသားစုဘဝကို အားကျတာကြောင့် ကိုယ်ပိုင်မိသားစုတစ်ခုကို လိုချင်နေခဲ့တာပါ။ ဒါကြောင့် မြေအောက်ကမ္ဘာမှာ တွေ့ခဲ့တဲ့ဥသုံးလုံးကို ဘူမသိကိုးမသိ မြေပေါ်ကမ္ဘာကိုယူလာပြီးသူ့ကလေးတွေလို ပျိုးထောင်ဖို့ လုပ်ခဲ့ပါတယ်။ဖြစ်ချင်တော့ အဲဒီဥတွေဟာ ဒိုင်နိုဆောဥတွေဖြစ်နေပြီး မိခင်ရင်းဖြစ်သူ ဒိုင်နိုဆောမကြီးက မြေပေါ်အထိ တက်လာပြီး သူ့ကလေးတွေကို ပြန်လာခေါ်ရင်း ဥတွေကိုယူသွားတဲ့ ဆစ်ဒ်ကိုပါ ဖမ်းသွားလို့ မန်နီ ဒီယေဂိုနဲ့ ကိုယ်ဝန်အရင့်အမာကြီး ဖြစ်နေတဲ့ အယ်လီတို့တစ်သိုက်ခမျာ သူတို့မကျွမ်းဝင်တဲ့ မြေအောက် ဒိုင်နိုဆောကမ္ဘာအထိလိုက်ပြီး ဆစ်ဒ်ကိုကယ်ဖို့ ကြိုးစားရပါတော့တယ်။