အမေရိကန် ရုပ်ရှင်အစည်းအရုံး (AFI) ရဲ့ အမေရိကန်သမိုင်းတလျှောက် အကောင်းဆုံး အချစ်ရုပ်ရှင် ၁၀၀ မှာ နံပါတ် ၇၅ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ အတိုချုပ်ပြောရရင် ဒီရုပ်ရှင်က နိုင်ငံရေးနဲ့အချစ်ရေးကိုဟာသဓာတ်လေးဖြည့်ရင်း လှလှပပဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်လိမ့်မယ်။၉၀ ခုနှစ်တွေဆိုတာ ရုပ်ရှင်လောကအတွက် တော်တော်ကို အရှိန်မြင့်လာတဲ့ကာလလို့ဆိုနိုင်တယ်။ ဒီရုပ်ရှင်ဆိုလည်းဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတင်မက သရုပ်ဆောင်တွေပါ Prime ဖြစ်ခဲ့တဲ့ကာလမှာရိုက်ခဲ့တယ်။ဇာတ်ညွှန်းရေးတဲ့လူက A Few Good Men တို့ Money Ball တို့ကိုရေးခဲ့တဲ့ Aaron Sorkin…သူ့အရေးအသားက ပြတ်တယ် မြန်တယ် ရှင်းတယ်။ ဒိုင်ယာလော့ဂ်တွေကို တစ်ခါတလေ အရှည်ကြီးတွေပြောတတ်တယ်။ သူ့ရဲ့ လမ်းလျှောက်ရင်းပြောတဲ့ ဒိုင်ယာလော့ဂ်တွေကတော့ ချီးကျူးအခံရဆုံးပေါ့။ဒါရိုက်တာ Rob Reiner ဆိုရင် ၁၉၈၄ ကနေ ၁၉၉၂ အထိ ၈ နှစ်အတွင်း ဆောင်သမျှအောင်တယ်လို့ပြောရလောက်အောင် အောင်မြင်တဲ့ ရုပ်ရှင် ၅ ကား ရိုက်ပြခဲ့တဲ့လူ။ သူ့အနေနဲ့ဒီလိုတောက်ပနေတဲ့ကာလမှာ ဒီရုပ်ရှင်ကိုရိုက်တယ်။ နိုင်ငံရေးဇာတ်လမ်းတွေကို ပိုင်ပိုင်နိုင်နိုင်ရိုက်နိုင်တဲ့သူ့အတွက် ဒီရုပ်ရှင်က သူ့ရဲ့ The West Wing စီးရီးအတွက် အများကြီး လွှမ်းမိုးမှုရှိခဲ့တယ်ဒီရုပ်ရှင်မှာ အထူးတလှယ် ချီးကျူးခံခဲ့ရတဲ့သူတွေက Michael Douglas နဲ့ Anette Bening ပဲ။ သူတို့ ၂ ယောက်လုံးက Golden Globe မှာ အကောင်းဆုံး မင်းသားဆုကော မင်းသမီးဆုပါဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ရံတွေအနေနဲ့လည်း Martin Sheen တို့ Michael J. Fox တို့ ပါတယ်ဆိုတော့ သရုပ်ဆောင်အပိုင်းက ကြည့်ရတာ အရသာရှိပါတယ်။ဇာတ်လမ်းကအမေရိကန်သမ္မတဖြစ်တဲ့ Andrew Shepherd က သက်တမ်းသစ်ရွေးကောက်ပွဲအတွက် မဲဆွယ်နေတဲ့ကာလကိုရောက်နေတယ်။ သူမဲနိုင်ဖို့အတွက် လွှတ်တော်ကို ဥပဒေမူကြမ်းတစ်ခုတင်သွင်းဖို့လိုတယ်။ရွေးစရာ ၂ ခုက လက်နက်ကိုင်မှုလျှော့ချဖို့ ရာဇဝတ်မူကြမ်းနဲ့ သဘာဝပတ်ဝန်းကျင်အသင်း ဂျီဒီစီက တောင်းဆိုတဲ့ ရုပ်ကြွင်းလောင်စာအသုံးချမှု ၂၀% လျှော့ချရေး စွမ်းအင်မူကြမ်း။ အမေရိကန်လွှတ်တော်မှာမူကြမ်းတစ်ခုအတည်ပြုခွင့်ရဖို့ဆိုရင် အမတ်တွေရဲ့ မဲလိုတယ်။ အဲဒီမှာ ဂျီဒီစီဘက်က နိုင်ငံရေးနည်းလမ်းနဲ့ဝင်ဖို့ ဆစ်ဒနီကို ငှားတယ်။ သမ္မတနဲ့ ဆစ်ဒနီညှိရင်း စွမ်းအင်မူကြမ်းအတွက် ၂၄ မဲရှာနိုင်ရင်အိမ်ဖြူတော်ဘက်က မူကြမ်းတင်သွင်းပေးမယ်လို့ ညှိလို့ရသွားတယ်။ အဲဒီမှာ သမ္မတကြီးနဲ့ ဆစ်ဒနီ စတွေ့ဖြစ်ရင်း ချစ်ကြိုးလေးတွေသီတာပေါ့လေ။နိုင်ငံရေးလောကက အချစ်ဇာတ်လမ်းဆိုတော့သိပ်တော့လည်းမလွယ်ကူဘူး။ သမ္မတကလည်း သူ့ဇနီးကင်ဆာနဲ့ဆုံးသွားတော့ Single Father အဖြစ်နေနေတဲ့လူ။ သူ့အနေနဲ့ အချစ်ကိုတွေ့တော့ မအားလပ်တဲ့ကြားကနေ အလုံးစုံတိုင်ပတ်ခံပြီးနီးစပ်ဖို့ကြိုးစားခဲ့တာပေါ့လေ။ “If he wants to, he will” ဆိုသလိုပါပဲ။ အချစ်နဲ့တွေ့ရင် လူတိုင်းက ဆယ်ကျော်သက်ဆိုတော့ သမ္မတကြီးကလည်း သူ့သမီးသူမိန်းကလေးတွေဘာကြိုက်လဲမေးရတဲ့အခြေအနေပါရောက်သွားတယ်။ သေချာတာကတော့ ဒီရုပ်ရှင်ဟာ သက်လတ်ပိုင်းအချစ်ကို လှလှပပ ချပြရင်း နိုင်ငံရေးအရ အတုယူစရာတွေကိုပါ ထည့်ရိုက်ထားတဲ့ဟောလိဝုဒ်ခေတ်ပြောင်းကာလရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါပဲ။