ရူးဖတ်စ်ဘတ်ခ်ဆိုတဲ့ အင်းဒီးယန်းကပြားလေးတစ်ယောက်ဟာ ငယ်စဉ်အရွယ် မိဘတွေမတရားသတ်ဖြတ်ခံလိုက်ရကတည်းက လူဖြူတွေကိုမကျေနိုင်ဖြစ်နေခဲ့တာပါ။ အဲဒီအချိန်အခါက အင်္ဂလိပ်တွေကကိုလိုနီချဲ့ထွင်ပြီးတဲ့အချိန်ဖြစ်တဲ့အတွက် အမေရိကတိုက်မှာပါ ခရစ်ယာန်သာသနာစာသင်ကျောင်းတွေရှိလာခဲ့ပါတယ်။ ငယ်စဉ်အရွယ်ဘဝဇာတ်ကြောင်း ခါးသီးလွန်းလှတာကတစ်ကြောင်း၊အင်းဒီးယန်းခရစ်ယာန်စာသင်ကျောင်းတွေရဲ့ ကွဲပြားခြားနားလှတဲ့ပို့ချမှုတွေကတစ်ကြောင်း နှစ်ခုပေါင်းသွားတဲ့အခါမှာ ရူးဖတ်စ်ဟာ လူမျိုးရေးအစွန်းရောက်သွားပြီး သူမကျေမလည်ဖြစ်နေခဲ့တဲ့လူဖြူတွေကိုသတ်ဖို့ကြံရွယ်လာတဲ့အထိဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ ရူးဖတ်စ်တစ်ယောက်အရွယ်ရောက်တဲ့အချိန် သူ့ရဲ့လူမျိုး အင်းဒီးယန်းတစ်ယောက်ကြိုးပေးခံလိုက်ရတာကိုမျက်မြင်ကိုယ်တွေ့ဖြစ်သွားခဲ့တဲ့အချိန်မှာမှ တကယ်စိတ်ရိုင်းဝင်သွားပြီး လူဖြူဆိုရင်ကို သတ်ရ ဖြတ်ရ ညှင်းပန်းနှိပ်စက်ရမှ ကျေနပ်နိုင်တဲ့အထိဖြစ်သွားပါတယ်။ ဒီလိုလမ်းလွဲသွားတဲ့ ရူးဖတ်စ်ဟာ သူ့နဲ့ရွယ်တူလူငယ်ပိုင်းတွေကိုစုပြီး အင်းဒီးယန်းဒေသတစ်ဝိုက် တွေ့သမျှ လူဖြူမှန်သမျှကို သတ်ဖို့ဖြတ်ဖို့ မုဒိန်းကျင့်ဖို့ဖြစ်လာပါတော့တယ်။ ရူးဖတ်စ်နဲ့ သူ့ရဲ့အပေါင်းအပါတွေ အင်းဒီးယန်းနယ်စပ်တစ်လျှောက်ဘယ်လိုဂြိုဟ်ဆိုးတွေမွှေခဲ့ကြသလဲ၊ နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ သုတရသမျိုးစုံနဲ့ တွေ့မြင်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။