ဇာတ်လမ်းအကျဉ်းကတော့ အိုဇုန်းလွှာကြီးပျက်စီးပြီး ကမ္ဘာကြီးမှာ ရာသီဥတုတွေ ဖောက်ပြန် ဆိုးရွားတဲ့ အခြေအနေမျိုးမှာ လူသားတွေ အကြပ်အတည်းတွေကြားမှာ ရှင်သန်ရပါတော့တယ်။ ဟယ်ရီဟာ နယ်စပ်မှာ လှုပ်ရှားတဲ့ ရိန်းဂျားဟောင်း ကြေးစားမုဆိုးတစ်ယောက်ပါ။ တစ်နေ့မှာ ရီနိုဆိုတဲ့ကြယ်နီအမှတ်အသား ရိုက်နှိပ်ခံထားရတဲ့ တရားခံပြေးတစ်ယောက်ကို ဖမ်းမိလိုက်ပါတယ်။ ဒါနဲ့ဂျယ်ရီကိုမြို့ ရိန်းဂျားစခန်းမှာ သွားအပ်ပြီး ဆုကြေးထုတ်ပါတော့တယ်။ ဒါပေမယ့် အဲတရားခံပြေးဟာ ဂျယ်ရီကိုမြို့ စီရင်ပိုင်ခွင့်ထက်ကျော်လွန်နေတာမို့ နီယွန်မြို့ကို ပို့လိုက်ဖို့ ရိန်းဂျားခေါင်းဆောင်ကပြောပါတယ်။အဲလိုနဲ့ ဂျယ်ရီကိုမြို့ကနေ နီယွန်မြို့ကို သွားမယ့် ပို့ဆောင်ရေးယာဉ်တန်းနဲ့ လိုက်ဖို့ဖြစ်သွားပါတယ်။ ကားပေါ်မှာ အကြောင်းပြချက်ကိုယ်စီနဲ့ နီယွန်မြို့ကို လိုက်ပါမယ့် ခရီးသည်တွေလည်း ပါနေခဲ့ပါတယ်။ ဒါပေမယ့် လမ်းမှာ စကင်ဆိုတဲ့ လူသတ်ဓားပြတွေ တိုက်ခိုက်တာကို ခံရပါတယ်။ ဟယ်ရီတို့ခရီးသွားတစ်သိုက် ဆိုးရွားတဲ့ရာသီဥတုတွေ၊ ဓားပြတွေရဲ့ ရန်ကို ကျော်လွှားပြီး နီယွန်မြို့ကြီးကို ရောက်မလားဆိုတာတော့ ဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်ပါဦး။