ချစ်ခြင်း၊သေဆုံးခြင်းနဲ့စက်ရုပ်များ…ကမ္ဘာကြီးက ပျက်စီးလာနေပါပြီ…အတ္တတွေ လောဘတွေ ရှေ့တန်းတင်ထားမှတော့ ချစ်ခြင်းမေတ္တာလဲ သေဆုံးခဲ့ချေပေါ့….စိမ်းလန်းတဲ့မျက်ခင်းပြင်တွေ ဖြူစင်တဲ့အပြုံးတွေ ရိုးသားတဲ့ပတ်ဝန်းကျင်တွေ ပျောက်ကွယ်သွားတဲ့ကမ္ဘာကြီးမှာ စက်ရုပ်တွေနဲ့စက်ရုပ်လိုလူတွေပဲရှင်သန်ခဲ့ချေပေါ့…ဒီလိုခမ်းခြောက်တဲ့ကမ္ဘာကြီးဟာ ရုပ်ရှင်တွေထဲမှာတင် မဟုတ်တော့ပါဘူး ကျွန်တော်တို့ပတ်ဝန်းကျင်မှာကို စတင်ထိတွေ့နေရပါပြီ…လူမှုစံနှုန်းတွေကို အတ္တတွေလောဘတွေကြောင့် ချေနင်းခဲ့ကြတဲ့လူသားတွေအတွက် ကမ္ဘာကြီးကပြန်ပေးမယ့်လက်ဆောင်ကတော့ စက်ရုပ်နှလုံးသားတွေပါပဲ…ဒီလိုအတွေးတွေကို ကြိုပြီးချပြခဲ့တာကတော့ David Fincher နဲ့ Tim Miller တို့ရဲ့ Love, Death & Robots animated short film စီးရီးလေးပါပဲ။Season ၃ ခုထွက်ထားပြီး Season-1 မှာ ၁၈ ပိုင်း၊ Season-2 မှာ ၈ ပိုင်းနဲ့ Season-3 မှာ ၉ ပိုင်း၊ အခု 2025 မှာ အသစ်ထွက်လာတဲ့ Season 4 မှာတော့ ဆယ်ပိုင်းပါပါတယ်။ ရသတိုဇာတ်လမ်းလေးတွေကို Animation Studio ပေါင်းစုံနဲ့စုပေါင်းစပ်ပေါင်း ရေးဆွဲတင်ဆက်ထားတာမလို့ ရသလဲစုံသလို Animated စတိုင်တွေလဲ ကွဲပြားပါတယ်။လိုရင်းကို ထိထိမိမိနဲ့ အချိန်တိုတိုအတွင်း ချပြထားတာမလို့ နှလုံးသားကိုကြက်စွပ်ပြုတ်တခွက်လောက်တိုက်မယ်ဆိုရင်ဒီကာတွန်းဇာတ်လမ်းလေးတွေက အသေအချာသောက်ရမယ့် နှလုံးသားအာဟာရတွေပါပဲ။လူသားတွေရဲ့အတ္တတွေလောဘတွေအကြောင်းရဲရဲဝံ့ဝံ့တင်ဆက်ထားတာမလို့ သွေးထွက်သံယိုပြကွက်တချို့ပါပြီးကလေးသူငယ်တွေတော့ကြည့်ဖို့မသင့်တော်တဲ့ Animation လေးတွေဖြစ်ပါတယ်။