၂၀၀၆-၂၀၀၈ ဝန်းကျင်လောက်တုန်းက အင်မတန်မှ လူကြိုက်များ ရေပန်းစားခဲ့တဲ့ High School Musical ဇာတ်ကားတွေရဲ့ အရသာလိုမျိုး ပေးစွမ်းနိုင်မယ့် လူငယ်ဆယ်ကျော်သက်လေးတွေ အကြိုက်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Disney Junior ရဲ့ Vampirina ကာတွန်းကို အခြေခံထားတယ် ဆိုပေမယ့် ဆယ်ကျော်သက်ဖြစ်လာတဲ့ ဗမ်ပရီနာလေးရဲ့ အတွေ့အကြုံတွေကို ရယ်မော ပျော်ရွှင်ဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားတဲ့ Series ကောင်းတစ်ခုပါ။HSM တွေမှာလိုမျိုးပဲ သရုပ်ဆောင် မျက်နှာသစ်လေးတွေ ကိုယ်တိုင် သီဆိုဖျော်ဖြေမှုတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Disney က စင်တင်ခဲ့ဖူးတဲ့ မျက်နှာသစ်လေးတွေ ဖြစ်ကြဖူးတဲ့ Miley Cyrus, Selena Gomez, Olivia Rodrigo, Sabrina Carpenter တို့လို ဖြစ်လာကြမယ့် အနုပညာကြယ်ပွင့် ဆယ်ကျော်သက် သရုပ်ဆောင်လေးတွေကို ကြည့်ရတာ တန်တယ်လို့ သေချာပေါက် ခံစားရမှာပါ။ ဇာတ်ကြောင်းအကျဉ်းကို ပြောရရင် ဗမ်ပရီနာလို့ ခေါ်တဲ့ ဗမ့်ပိုင်းယားမလေးဟာ ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါမှာ သူ့အိပ်မက်တစ်ခုဖြစ်ပြီး အင်မတန်မှ သွားချင်လှတဲ့ လူသားတွေ လောကထဲက အနုပညာကျောင်းတစ်ခုဖြစ်တဲ့ ဝီလ်ဆင်ဟောကို တက်ဖို့ မိဘတွေနဲ့ ဗမ့်ပိုင်းယားကောင်စီအဖွဲ့ဆီမှာပါ ခွင့်ပြုချက်တောင်း တက်ရောက်ဖို့ ရောက်လာခဲ့ပါတယ်။ ကျောင်းမှာ ပထမနှစ် ကျောင်းသူတစ်ယောက်အနေနဲ့တက်ပြီး လူသားသူငယ်ချင်းတွေ ရလာခဲ့သလို ကြိတ်ပြီး ကြိုက်ရတဲ့ ကောင်လေးတစ်ယောက်ပါ ရှိလာခဲ့ပါတယ်။ ဒီ အပိုင်း ၁၆ ပိုင်းပါတဲ့ စီးရီးမှာ သရုပ်ဆောင်လေးတွေရဲ့ မတူညီတဲ့ ကိုယ်ပိုင် အနုပညာ ဂီတတင်ဆက်မှုတွေကိုတဝကြီး ကြည့်ရှုခံစားရမှာပါ။ ဒီဇာတ်လမ်းစီးရီးကို Disney+ ကနေ တင်ဆက်ထုတ်လွှင့်ထားပြီးတော့ Season 2 ထွက်ရှိလာဦးမလား ဆိုတာတော့ မသိသေးပါဘူး။ ဗမ့်ပိုင်းယားမလေးရဲ့ လူသားတွေနဲ့ အဆီအငေါ်မတည့် အံမဝင်ဖြစ်မှုတွေကို ရယ်ရင်းမောရင်း အားပေးကြည့်ရှုကြပါဦးလို့။