ဒုတိယကမ္ဘာစစ်တုန်းက တကယ်ရှိခဲ့တဲ့ SAS လို့ခေါ်တဲ့ ပထမဆုံး အထူးလေကြောင်းတပ်ဖွဲ့ စတင်ဖြစ်ပေါ်လာပုံနဲ့ ဒီတပ်ရဲ့ စွန့်စားခန်းတွေအကြောင်း ဖြစ်ရပ်မှန်အပေါ် အခြေတည်ပြီး ရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲပါ။ Peaky Blinders နဲ့ See တို့လို နာမည်ကျော်ဇာတ်လမ်းတွဲတွေရဲ့ Creator, Allied တို့ Spencer တို့လိုကားတွေရဲ့ ဇာတ်ညွှန်းဆရာ၊ တွမ်ဟာဒီရဲ့ Locke တို့ Jason Statham ရဲ့ Eye For an Eye တို့ရဲ့ ဒါရိုက်တာ Steven Knight ဟာ စာရေးဆရာနဲ့ သမိုင်းပညာရှင် Ben Macintyre ရဲ့ SAS: Rogue Heroes လို့ခေါ်တဲ့ စာအုပ်ကိုဖတ်မိပြီး သူကိုယ်တိုင်လည်း ဒီဇာတ်လမ်းကို တော်တော်လေး စိတ်ဝင်စားသွားသလို လူသိသိပ်မများတဲ့သမိုင်းဖြစ်ရပ်ဖြစ်တာကြောင့်လည်း ရိုက်ဖြစ်ခဲ့ပါတယ်။ အခုဇာတ်လမ်းတွဲဟာလည်း တော်တော်လေး လူကြိုက်များခဲ့ပြီး အောင်မြင်ခဲ့တာကြောင့် ၂၀၂၄မှာ နောက်တစ်တွဲ ထပ်ပြသွားဖို့ စီစဉ်ထားပါသေးတယ်။