သင်္ချာပညာရပ်မှာ ဉာဏ်ကြီးရှင်ဖြစ်သူ အက်ဒီဆိုတဲ့ လူက ရပ်ကွက်ထဲကလူမိုက်တွေနဲ့ ပေါင်းပြီး ပြစ်မှုငယ်လေးတွေ ကျူးလွန်နေတဲ့လူ ဖြစ်တယ်။ ဒီလိုနဲ့ တစ်နေ့ သူ ဖမ်းခံရချိန် လူစီဆိုတဲ့ စုံထောက်က သူ့ကို ထောင်ဒဏ် ၇နှစ် ကျခံမလား ဒါမှမဟုတ် သင်္ချာ အစားထိုးဆရာအဖြစ် ကျောင်းတစ်ခုမှာ အလုပ်လုပ်ပေးရင်း လူဆိုးကြီးတစ်ဦးရဲ့သားဖြစ်သူကို ဖော်ထုတ်မယ့်စစ်ဆင်ရေးမှာ ပါဝင်ပေးမလားဆိုပြီး အကြပ်ကိုင်လာပါတော့တယ်။ အက်ဒီက သင်္ချာတွက်တဲ့နေရာမှာ မြန်လည်းမြန်၊ မှန်လည်းမှန်ပေမယ့် အထက်တန်းကျောင်းဆိုရင်တော့ ဆရာအနေနဲ့တောင် ပြန်မသွားချင်ဘူးဆိုပြီး ငြင်းတာကိုတောင် ...လူစီက သူ့ကို ကလေးသူငယ် လိင်အကြမ်းဖက်သူအဖြစ် ကောလဟာလ လွှင့်မယ်ဆိုပြီး ခြိမ်းခြောက်လာတော့ သူ့ခမျာ ကြောက်ကြောက်နဲ့ အထက်တန်းကျောင်းမှာ သင်္ချာအစားထိုးဆရာသွားလုပ်ရပါလေရော။ အစကတည်းက ကျောင်းကိုပြန်မလာချင်ပါဘူးဆို အတင်းတွေ လာခိုင်းတာရော၊ စာသင်တဲ့ အတွေ့အကြုံမရှိတာရောကြောင့် အက်ဒီတစ်ယောက် အလွဲတွေချည်း ဆက်တိုက်ကိုလုပ်ပါတော့တယ်။ ပထမဆုံး စာစသင်ရတဲ့နေ့မှာတင် အချိုးမပြေတဲ့ ကျောင်းသားကို လက်သီးနဲ့ထိုးလိုက်တာမျိုး၊ ကျောင်းသားတွေရဲ့ အနာဂတ်အစီအစဉ်တွေ ဖြည့်သွင်းထားတဲ့ ဝက်ဘ်ဆိုက်ကြီး ပျက်သွားတဲ့အထိ တလွဲတွေ လျှောက်လုပ်တာမျိုးပေါ့။ အက်ဒီအနေနဲ့ ရည်ရွယ်ချက်ရှိရှိ တလွဲတွေလုပ်တာမျိုး မဟုတ်ပေမယ့် လုပ်သမျှတိုင်းက လွဲနေတော့တာ။ သူ ပေါက်ကရ လုပ်နေတုန်း တစ်ယောက်မဟုတ် တစ်ယောက်ကလည်း လက်ပူးလက်ကြပ်မိကို မိတယ်။ မိတိုင်းလည်း သူ့ရဲ့ ပြဿနာကို လက်တန်းဖြေရှင်းနိုင်စွမ်းက တကယ်ကိုအဆင့်တစ်ခုမှာ ရှိနေတာ။ ကျောင်းသားဟာသ စီးရီးမှာ ကျောင်းသားတွေက ပေါက်ကရလုပ်တာမျိုး မဟုတ်ဘဲ အစားထိုးဆရာတစ်ယောက်က တလွဲတွေ လုပ်နေတာမျိုး။ ထောင်ကျမှာစိုးလို့ စစ်ဆင်ရေးကိုလက်ခံလိုက်ရသူ - အသွင်ယူစုံထောက် မဟုတ်တဲ့ အသွင်ယူစုံထောက်ရဲ့ အလွဲပေါင်းတစ်သိန်း၊ ဂယက်ပေါင်းတစ်သိန်းကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာ ဖြစ်ပါတယ်။