ဟန်းဂုတက္ကသိုလ်ကနေ ကိုးရီးယားပန်းချီ မေဂျာနဲ့ ဘွဲ့ရထားပြီး ကိုယ်ရဲ့ ပန်းချီကားတွေကို အသက်သွင်းကာ တစ်ကမ္ဘာလုံးက နှစ်သက်အားပေးကြတဲ့ အန်နီမေးရှင်းကို ဖန်တီးဖို့ အိပ်မက်မက်နေတဲ့ အန်နီမေးရှင်း ဖန်တီးသူလေး နာဂျီနီ (Park Se-Young) ဟာဆိုရင်...အပြင်ပန်းမှာတော့ ထုတ်လုပ်ရေးကုမ္ပဏီ ကိုယ်စားလှယ် ဖခင် ချာမင်ဂီ (Jeon No-Min) နဲ့ နာမည်ကြီး တယောကြီးပညာရှင် မိခင် နာဆယ်ရီ (Han Go-Eun) တို့ရဲ့ အရိပ်အောက်မှာကြီးပြင်းလာတဲ့ ရွှေမင်းသမီးလေးလို့ ထင်ရပေမဲ့လည်းဆယ်ကျော်သက်အရွယ်မှ သိလိုက်ရတဲ့ အမှန်တရားကတော့ သူဟာ မိသားစုတစ်စုကို ပျက်စီးစေပြီးမှ မွေးဖွားလာတဲ့ တရားမဝင်ကလေးဆိုတာပါပဲ ။ တစ်ဖက်မှာလည်း ခင်ပွန်းဖြစ်သူ ချာမင်ဂီရဲ့ သစ္စာဖောက်မှုကြောင့် ပျော်ရွှင်မှုတွေ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေခဲ့ရတဲ့ မယားကြီး နိုယောင်းဂျူ (Lim Ji-Eun) ကတော့ လက်ရှိမှာ အဆိုသင်တန်းဖွင့်လှစ်ရင်း ဘဝကို ဆက်လက် ဖြတ်သန်းလို့နေပါတယ်...။အပြစ်သားလို့ တံဆိပ်တပ်ခံရပြီး မွေးဖွားလာတဲ့ မိန်းကလေး ၊ အချစ်ကို ခိုးယူခဲ့တဲ့ အမျိုးသမီး ၊ အချစ်ကို လုယူခံလိုက်ရတဲ့ အမျိုးသမီး...အမုန်းတရားတွေနဲ့ ရစ်ပတ်ထားတဲ့ သူတို့သုံးဦးရဲ့ ကံကြမ္မာက ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို အပတ်စဉ် တနင်္လာကနေ သောကြာနေ့အထိ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ။