Phoenix Rising from the Faint Moon (2026) လရောင်အောက်က ကြမ္မာဖီးနစ် ခေတ်သစ်ကမ္ဘာကနေ ရှေးခေတ်ဆီ မထင်မှတ်ဘဲ အချိန်ခရီးသွားရောက်ရှိသွားခဲ့ရင် ကိုယ့်ဘဝကို ဘယ်လိုပြန်လည်စတင်ကြမလဲ… အထူးသဖြင့် ကိုယ်ရောက်ရှိသွားတဲ့ ခန္ဓာကိုယ်ကလည်း အရင်ဘဝနဲ့ လုံးဝမတူညီတဲ့သူတစ်ယောက် ဖြစ်နေခဲ့ရင်ပေါ့… ဒီဇာတ်လမ်းလေးမှာတော့ ခေတ်သစ်အာကာသဆိုင်ရာ သုတေသနအဖွဲ့ရဲ့ ခေါင်းဆောင် ဖုန့်ဝေယွဲ့ဟာ မမျှော်လင့်ဘဲ ရှေးခေတ်ဆီ အချိန်ခရီးသွားရောက်ရှိသွားပြီး နန်းတော်အကြံပေးအရာရှိကြီးရဲ့ တရားဝင်သမီးဖြစ်သလို ရုံမင်းသား မော့ယွိယာရဲ့ ဇနီးတစ်ယောက်အဖြစ် နိုးထလာခဲ့ပါတယ်…. အရင်ဘဝက ကိုယ့်ပညာရပ်နဲ့ ကိုယ့်အရည်အချင်းကို အသုံးချပြီး ရှေးခေတ်ဘဝမှာ အခက်အခဲတွေကို ဖြေရှင်းဖို့ ကြိုးစားရင်း သူမရဲ့လက်ကောက်မှာ ပါလာတဲ့ ထူးခြားတဲ့နေရာလွတ်သိုလှောင်နိုင်စွမ်းကလည်း အရေးပါတဲ့ အကူအညီတစ်ခု ဖြစ်လာပါတယ် တစ်ဖက်မှာတော့ အေးစက်ပြီး လူတွေကို အလွယ်တကူ မယုံကြည်တတ်တဲ့ မင်းသား မော့ယွိယာဟာ ရှင်းကျောက်အဖွဲ့ခေါင်းဆောင် ကုနန်ခဲရဲ့ လုပ်ကြံတိုက်ခိုက်မှုတွေကို မကြာခဏ ရင်ဆိုင်နေရပါတယ်…ထူးခြားတာကတော့ ဖုန့်ဝေယွဲ့နဲ့ ကုနန်ခဲတို့ကြားမှာလည်း မထင်မှတ်ထားတဲ့ ဆက်နွယ်မှုတွေ ရှိနေတာပါပဲ…ဒီလိုနဲ့ နန်းတွင်းအာဏာပြိုင်ဆိုင်မှုတွေ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ မမျှော်လင့်ထားတဲ့ အချစ်ရေးအလှည့်အပြောင်းတွေက ဇာတ်လမ်းကို ပိုမိုစိတ်ဝင်စားဖို့ကောင်းလာစေပါတယ် အထူးသဖြင့် ဇနီးဖြစ်သူကို အစပိုင်းမှာ သံသယဝင်ပြီး မနှစ်သက်ခဲ့တဲ့ အေးစက်တဲ့မင်းသားတစ်ယောက်က နောက်ပိုင်းမှာတော့ ချစ်ရသူရဲ့အချစ်ကို ပြန်လည်ရရှိဖို့ လိုက်လံကြိုးစားလာတဲ့ပုံစံက ဒီဇာတ်လမ်းရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းတစ်ခုပါပဲ… နန်းတွင်းအာဏာပြိုင်ဆိုင်မှုနဲ့ အချစ်ဇာတ်လမ်းကို ဟန်ချက်ညီညီ ပေါင်းစပ်ထားတဲ့အပြင် ခေတ်သစ်အတွေးအခေါ်နဲ့ ရှေးခေတ်ဘဝတို့ရဲ့ ကွာခြားချက်တွေကိုလည်း ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုနိုင်မှာပါ… အချိန်ခရီးသွားဇာတ်အိမ် အေးစက်တဲ့မင်းသားနဲ့ ချစ်ရသူနောက် လိုက်လံကြိုးစားရတဲ့ အချစ်ဇာတ်လမ်းမျိုးကို နှစ်သက်သူတွေအတွက် ဒီဇာတ်ကားလေးက ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာကောင်းမဲ့ Short Drama လေးတစ်ကား ဖြစ်ပါတယ်..