ဒီတစ်ခါမိတ်ဆက်ပေးချင်တာလေးကတော့ အချိန်ခရီးသွားနောက်ခံစီးရီးသစ်လေးပါ။ မတရားသဖြင့် သေဆုံးခဲ့ရပြီး Republican ခေတ်ဆီ ဝိညာဉ်ကူးပြောင်းရောက်ရှိသွားခဲ့တဲ့ မှုခင်းဆရာဝန်မလေးနဲ့ အာဏာပြင်းထန်ပြီး ရည်မှန်းချက်ကြီးမားလှတဲ့ရဲမှူးချုပ်တို့ရဲ့ ပဟေဠိဆန်းပြားလှတဲ့ မှုခင်းစုံစမ်းစစ်ဆေးရေး C-Drama စီးရီးသစ်လေးမို့ စုံထောက်ချင်တဲ့သာ့ကျားတို့လည်း အကြိုက်တွေ့မှာပါနော်။ အဓိကဇာတ်ဆောင်တွေအဖြစ် Hu Yi Xuan နဲ့ Cheng Xiang တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်က လုံးဝအဖြေရှာမရတဲ့ လျှို့ဝှက်ဆန်းကြယ်မှုကြီးတစ်ခုဖြစ်တဲ့ ရွှမ်ချန်မြို့က မိသားစုတစ်စုလုံးသတ်ဖြတ်ခံခဲ့ရတဲ့ ထိတ်လန့်ဖွယ်ရာလူသတ်ပွဲကြီးကြောင့် မတရားသဖြင့် အသက်ဆုံးရှုံးခဲ့ရပြီး Republican ခေတ်ဆီ ပြန်လည်ရောက်ရှိသွားခဲ့တဲ့ မှုခင်းဆရာဝန်မလေးနဲ့ အာဏာပြင်းထန်ပြီး ရည်မှန်းချက်ကြီးမားလှတဲ့ရဲမှူးချုပ်တို့ဟာ တွေ့ဆုံကြရဖို့ အကြောင်းဖန်လာပါတယ်။ ချမ်းသာကြွယ်ဝတဲ့မိသားစုကြီးတစ်ခုရဲ့ ရှုပ်ထွေးလှတဲ့အာဏာလွန်ဆွဲပွဲတွေကြားမှာ ပါးနပ်စွာရှင်သန်ရပ်တည်ရင်း ထက်မြက်လှတဲ့မှုခင်းဆရာဝန်မလေးဟာ ရဲမှူးချုပ်နဲ့လက်တွဲပြီး ထူးဆန်းအံ့သြဖွယ်ရာ မှုခင်းပေါင်းမြောက်မြားစွာကို အတူတကွစုံစမ်းဖော်ထုတ်ပါတော့တယ်။ အရိုးစုတွေကတစ်ဆင့် အမှန်တရားကိုဖတ်ရှုနိုင်စွမ်းရှိသူနဲ့ အာဏာစက်ပြင်းထန်တဲ့ရဲမှူးချုပ်တို့ နှစ်ဦးပေါင်းစည်းလိုက်တဲ့အခါမှာတော့ ဘယ်လိုအရာကမှ သူတို့ကို ရပ်တန့်နိုင်စွမ်းမရှိတော့ပါဘူး။ နှစ်ပေါင်းနှစ်ဆယ်ကြာ အဖြေရှာမရခဲ့တဲ့လူသတ်ပွဲကြီးရဲ့နောက်ကွယ်က လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ရင်း ထူးဆန်းထွေလာအမှုပေါင်းစုံကို အတူတကွဖြေရှင်းသွားကြမယ့် Power Duo Vibe အပြည့်နဲ့ ဇာတ်ကားကောင်းလေးမို့ သည်းထိတ်ရင်ဖိုမှုခင်းစုံစမ်းရေးဇာတ်လမ်းကြိုက်သူတွေ လုံးဝလက်မလွှတ်သင့်ပါဘူးနော်။