ဘောလုံးပရိသတ်မှန်ရင် ရီးရဲလ်မက်ဒရစ်လို့ပြောလိုက်တာနဲ့ စပိန်နိုင်ငံက ဘောလုံးအသင်းတစ်သင်းဆိုတာထက်ပိုတဲ့ ကြီးကျယ်ခမ်းနားမှုတစ်ခုကိုခံစားမိကြမှာအမှန်ပါပဲ။ နောင်တစ်ချိန်မှာ ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံး အသင်းဖြစ်လာမယ့် ရီးရဲလ်မက်ဒရစ်ကို ၁၉၀၂ ခုနှစ် မတ်လ ၆ ရက်နေ့မှာ မက်ဒရစ်မြို့က မထင်မရှားဘောလုံးဝါသနာရှင်တစ်စုကစတင်တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၂၀ ခုနှစ်မှာ ဘုရင်ကြီးအယ်ဖွန်ဆို XIII က တော်ဝင်အသင်းအဖြစ်မြှောက်စားခဲ့ရာကနေမှ ရီးရဲလ်မက်ဒရစ်ရယ်လို့ဖြစ်လာခဲ့တာပါ။ အသင်းနာမည်က ရီးရဲလ် (Real) ဆိုတာတကယ်တော့ စပိန်ဘာသာစကားဖြစ်ပြီး အင်္ဂလိပ်လို Royal ရွိုင်ရယ်လ် လို့အဓိပ္ပါယ်ရပါတယ်။ဒါကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့အဓိပ္ပါယ်ဟာ စစ်မှန်သောမက်ဒရစ် မဟုတ်ဘဲ တော်ဝင်မက်ဒရစ် လို့ဆိုလိုတာပဲဖြစ်ပါတယ်။ ကမ္ဘာစစ်ကြီးပြီးဆုံးချိန်မှာတော့ ချာမာတင် အိမ်ကွင်းကြီး အပါအဝင် အသင်းသားတွေနဲ့ဝန်ထမ်းတွေလ ည်း အားလုံးဖရိုဖရဲဖြစ် ကျန်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ အသင်းရဲ့အစောဆုံး ဂန္ထဝင်ကစားသမား တစ်ယောက်ဖြစ်သလို အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ဆန်တီယာဂို ဘာနေဗျူးက ဥက္ကဌအဖြစ်တာဝန်လွှဲပြောင်းယူခဲ့ပါတယ်။