Deadwood FHD

Deadwood

Crime Drama Western FHD 2004-03-21 8.101

HBO ရဲ့နာမည်ကြီး western drama series တစ်ခုလာပါပြီ။ လူကြိုက်များပြီး ဝက်ဝက်ကွဲပေါက်ခဲ့တဲ့ ဂျွန်ဝှစ်ခ်ရုပ်ရှင်မှာ ကွန်တီနင်တယ်ဟိုတယ်ကိုဦးစီးနေတဲ့ အဘိုးကြီး ဝင်စတန်နေရာမှာသရုပ်ဆောင်ထားတဲ့ ဇာတ်ပို့မင်းသားကြီး အိုင်ရန်မက်ခ်ရှိန်းနဲ့ Hitman ( 2007) ဇာတ်ကားနဲ့နာမည်ကြီးတဲ့ မင်းသား တင်မိုသီအိုလီဖန်းတို့က leading role မှာ ပါဝင်သရုပ်ဆောင်ထားပြီး ၁၈၇၆ခုနှစ် အမေရိကန်ပြည်ထောင်စုတပ်တွေနဲ့ ဆောဇ်လူမျိုးတွေဦးဆောင်တဲ့အင်ဒီးယန်းလူရိုင်းတွေဖြစ်ခဲ့တဲ့ လစ်တဲလ်ဘစ်ဟွန်းတိုက်ပွဲအပြီး ကာလလောက်ကိုအခြေခံထားပါတယ်။အမေရိကန်ပြည်ထောင်စု၊ တောင်ဒါကိုတာပြည်နယ်က ဒတ်ဝုဒ်ဆိုတဲ့ ရွှေသမားတွေစုဝေးရာမြို့ကလေးမှာ ဖြစ်ခဲ့တဲ့အကြောင်းတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီးဇာတ်လမ်းထဲကဇာတ်ကောင်တွေဖြစ်တဲ့ ဥပဒေအရာရှိဟောင်း ဆက်သ်ဘူးလော့ခ်နဲ့ တည်းခိုခန်းပိုင်ရှင် အယ်လ်ဆွာရန်ဂျန်တို့ဟာ အမှန်တကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီးဇာတ်လမ်းထဲမှတချို့အကြောင်းအရာတွေဟာလည်း အမှန်တကယ်ဖြစ်ပျက်ခဲ့တာတွေပါပါတယ်။ သမိုင်းဝင်ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဘေလ်ဟစ်ကော့ခ်၊ အီးဘီဖာနန်၊ ဆောလ်စတားဆိုသူတွေကိုလည်း ဇာတ်လမ်းထဲမှာခေါင်းဆောင်ပိုင်းနေရာမှာ တွေ့ကြရမှာဖြစ်ပါတယ်။ ဒတ်ဝုဒ်ဟာ ကျေးလက်မြို့ကလေးတစ်မြို့ဖြစ်ပြီး ရွှေထွက်တယ်လို့စနာမည်ကြီးခဲ့တဲ့ ၁၈၇၆ လောက်မှာ မြို့ဟာရွှေသမားတွေ၊ ဆက်စပ်လုပ်ငန်းတွေနဲ့အထူးစည်ကားခဲ့ပြီး လူဦးရေဟာ ၂၅၀၀၀ လောက်ရှိခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ ၁၀၀၀ ကျော်ပဲနေထိုင်သူရှိပါတော့တယ်။ ဇာတ်လမ်းမှာတော့ ဒတ်ဝုဒ်မြို့ဝန်းကျင်ကို ရွှေရှာဖို့၊ကြီးပွားရာကြီးပွားကြောင်းရှာဖို့လာကြသူတွေ၊ အဲ့လူတွေအပေါ် ရိုက်စားလုပ်မယ့် စီးပွားရေးသမား၊ အရောင်းအဝယ်သမား၊ စားသောက်ဆိုင်ပိုင်ရှင်၊ တည်းခိုခန်းဆောင်ကြာမြိုင်ပိုင်ရှင်တွေ၊ရာဇဝတ်သားတွေ၊ အင်ဒီးယန်းလူရိုင်းတွေ၊ သေနတ်သမားလူစွမ်းကောင်းတွေအကြောင်းကို western drama ရသအပြည့်ရအောင် ထည့်သွင်းတင်ဆက်ထားပြီး အဆိုပါကာလမှာရှိခဲ့တဲ့အမေရိကန်ပြည်သူတွေရဲ့ နေ့စဥ်လူမှုဘဝတစ်စိတ်တစ်ပိုင်းကိုလည်း ဝင်ရောက်ခံစားကြရမှာပါ။ ဒတ်ဝုဒ်မြို့လယ်မှာ ပြိုင်ဘက်ကင်း ကြီးစိုးနေတဲ့ The Gem Saloon ဆိုင်ရဲ့ကလိမ်ကကျစ်ကျစီးပွားရှာတတ်တဲ့ဆိုင်ရှင် အယ်လ်ဆွာရန်ဂျန် ( အိုင်ရန်မက်ခ်ရှိန်း ) နဲ့ ဥပဒေအရာရှိအလုပ်ကထွက်ပြီး ဒတ်ဝုဒ်မှာ လက်သုံးကိရိယာဆိုင်လာဖွင့်တဲ့ ဆက်သ်ဘူးလော့ခ်( တင်မိုသီအိုလီဖန်း ) တို့ရဲ့အကြောင်းနဲ့ဆက်စပ်ပြီး တင်ပြသွားပါတယ်။ ရွှေရှာသူတွေ၊ လှည်းတန်းကြီးတွေနဲ့ ရေကြည်မြက်နုရာ ရွှေ့ပြောင်းနေထိုင်သူတွေ၊ ဖျတ်စားလတ်စားစီးပွားရေးသမားတွေ၊ခိုးဆိုးလုနှိုက်လူသတ်တဲ့ ရာဇဝတ်ကောင်တွေနဲ့ ဥပဒေကြီးကြပ်ရေးအရာရှိတွေ၊ ဒေသခံအင်ဒီးယန်းလူနီရိုင်းတွေ၊ ဆောင်ကြာမြိုင်နဲ့ မိန်းမပျက်တွေ၊ အရက်ဘားတွေနဲ့ ဖဲဝိုင်းတွေ၊ ပြသနာတတ်ရင်သေနတ်နဲ့ဖြေရှင်းကြတဲ့ ကောင်းဘွိုင်တွေနဲ့ သေနတ်သမားလူစွမ်းကောင်းတွေအကြောင်းကိုတစ်ဝကြီးရှုစားရမှာဖြစ်ပါတယ်။ HBO ကလွှင့်တဲ့ ဒီစီးရီးဟာ season ၃ ခုနဲ့ဖြစ်ပြီး တစ်ခုစီမှာ episode ၁၂ခုပါတာဖြစ်တဲ့အတွက်ကြောင့် western drama တစ်ခုရဲ့ ရသကိုပြည့်ပြည့်ဝဝ ခံစားကြည့်ရှုကြရမှာပါ။ တခြား အမေရိကန်အနောက်ပိုင်းဇာတ်လမ်းတွေလို သေနတ်ပစ်ခန်းတွေ၊အက်ရှင်ခန်းတွေချည်းထိုင်ကြည့်နေရတာမျိုးမဟုတ်ပေမယ့် ရွှေလောကသားတွေနဲ့ ဥပဒေစိုးမိုးမှုကင်းမဲ့တဲ့နေရာမှာ လုပ်စားနေကြတဲ့ ခေါင်းပုံဖြတ်ရိုက်စား စီးပွားရေးသမားတွေအကြောင်းကွက်ကွက်ကွင်းကွင်းတင်ပြထားတာဖြစ်လို့ အထွေထွေဗဟုသုတရော၊ ရုပ်ရှင်ရသပါ ရရှိခံစားနိုင်မှာဖြစ်ပါတယ်။International reviews တွေမှာ မှတ်ချက်ကောင်းကောင်းရထားတဲ့ ဒီစီးရီးဟာ IMDb rating လည်း 8.6 ရထားပြီး Rotten tomatoes 92 % ဖြစ်လို့အမေရိကန်အနောက်ပိုင်းရုပ်ရှင်တွေကိုကြိုက်တတ်တဲ့ western drama ပရိသတ်တွေအတွက်တော့ လက်လွှတ်မခံသင့်တဲ့စီးရီးပါ။ ၂၀၀၄ ခုနှစ် ရွှေကမ္ဘာလုံးရုပ်ရှင်ဆုပေးပွဲမှာလည်းအကောင်းဆုံးဇာတ်လမ်းတွဲဇာတ်ဆောင်ဆု ဆွတ်ခူးထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။