သင်ဝယ်ထားတဲ့ ရွှေတွေက Brink’s-Mat က ရွှေတွေဖြစ်နေပြီလား။ဒီစီးရီးကတော့ မြို့တော်လန်ဒန်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံရိုက်ကူးပြထားပါတယ်။၁၉၈၃ နိုဝင်ဘာလ ၂၆ ရက်နေ့၊ မြို့တော်လန်ဒန်မှာ သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးသော ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိ ၂၀၂၃ခုနှစ်ရဲ့ တန်ဖိုးနဲ့ တွက်ကြည့်မယ်ဆိုရင်တော့ ဒေါ်လာသန်းပေါင်း ၁၀၁ သန်းတန်ဖိုးရှိတဲ့ ရွှေတွေ ဓားပြတိုက်ခံလိုက်ရတာပါ။ ရွှေပမာဏများပြားလွန်းတာကြောင့် ဓားပြတွေ အနေနဲ့လည်း တစ်ခါတည်းလက်စဖျောက် သယ်ယူဖို့ရာ မတတ်နိုင်ခဲ့ပါဘူး။ လက်ထဲကို ရောက်လာတဲ့ ရွှေတွေကနေ ငွေဖြူပြန်ဖြစ်ဖို့ နည်းမျိုးစုံနဲ့ ကြံစည်ကြရပါတော့တယ်။ဒီနေရာမှာ လန်ဒန်သားငနဲတွေရဲ့ အကွက်ကြိုမြင်မှုတွေ၊ လက်စဖျောက်မှုတွေက အရေးပေါ် စုံထောက်တပ်ဖွဲ့တွေကို ကောင်းကောင်းကြီး အလုပ်ရှုပ်စေခဲ့ပါတယ်။ စုံထောက်တွေအနေနဲ့ ဓားပြတိုက်သွားတဲ့လူအရေအတွက်က ခြောက်ယောက်ဆိုတာအပြင် ဘာကိုမှ စုံစမ်းလို့ မရခဲ့ပါဘူး။ ဒီလိုနဲ့ လချီကြာပြီးတဲ့နောက်မှာတော့ နာမည်သဲလွန်စလေးတစ်ခု ရလာခဲ့တယ်။ အဲဒီသဲလွန်စနဲ့ သမိုင်းရဲ့ အကြီးကျယ်ဆုံးသော ရွှေပျောက်ဆုံးမှုကြီးကို ထောက်လှမ်းဖို့ စတင်ကြရပါတော့တယ်။အဲဒီခေတ်အခါမှာတုန်းက လန်ဒန်မှာ ဝယ်မိစုမိကြတဲ့ ရွှေတွေဟာ ဒီ Brink’s-Mat ဓားပြတိုက်မှုနဲ့ ဆက်စပ်နေခဲ့တယ်ဆိုတဲ့ ပြောစကားတွေ အများကြီး တွင်ကျန်နေခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်ကို ပျံ့သွားခဲ့တာကြောင့် သင့်လက်ထဲမှာရှိနေတဲ့ ရွှေတွေကလည်း Brink’s-Mat က ရွှေတွေဖြစ်နေနိုင်တယ်ဆိုတဲ့ အချက်ကိုတော့ မေ့ထားလို့မရပါဘူး။