“စုန်းမဆိုရင် ရွာပြင်ထုတ်”လူ့အသိုင်းအဝိုင်းမှာ စုန်းအတတ်ကို လက်မခံနိုင်စရာအဖြစ် အများစု တွေးကြမယ်ထင်ပါတယ်။ ဥပဒေမှာလည်း စုန်းအတတ်အသုံးပြုခြင်းကို တားမြစ်ထားပါတယ်။အင်္ဂလန်သမိုင်းမှာဆိုရင် ၁၆၄၅ခုနှစ်ဝန်းကျင် Matthew Hopkins ခေါင်းဆောင်ခဲ့တဲ့ စုန်းအမဲလိုက်ပွဲမှာ အမျိုးသမီးတွေ ရာချီသေဆုံးခဲ့ရတဲ့ အဖြစ်ဆိုးတွေရှိခဲ့ပါတယ်။အဲဒီခေတ်တွေကတော့ စုန်းကဝေတွေအတွက် အမှောင်ခေတ်တွေဖြစ်ခဲ့တာပေါ့။ဒီဇာတ်လမ်းမှာ ဇာတ်အိမ်တည်ထားတဲ့ ‘ဆန်ကျူရီ’မြို့လေးကတော့ လူမျိုးဘာသာမရွေး ယုံကြည်မှုမတူညီကြတဲ့လူတန်းစားမရွေးကို လက်ခံကြိုဆိုပေးထားတဲ့ အေးချမ်းတဲ့မြို့လေးတစ်မြို့ပါ။ နှစ်ရာချီကြာစုန်းကဝေတွေ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ခဲ့ကြတဲ့ ခိုလှုံရာနေရာလေး ဖြစ်လို့နေပါတယ်။ “ဆယ်ရာဖန်း”ဆိုတဲ့ စုန်းမတစ်ယောက်က ဒီမြို့လေးမှာ အေးအေးချမ်းချမ်းနေထိုင်ရင်း သူ့ပညာတွေကိုမြို့ခံတွေရဲ့ကောင်းကျိုးအတွက် အသုံးချပေးနေပါတယ်။ သူ့သမီးဖြစ်သူ ဟာပါဖန်းကတော့ စုန်းမဖြစ်ဖို့ ပါရမီပါမလာခဲ့ပါဘူးတဲ့။ တစ်နေ့မှာတော့ ဟာပါရဲ့ရည်စားဖြစ်သူ၊ဆယ်ရာရဲ့သူငယ်ချင်းအက်ဘီဂေးလ်ရဲ့သားဖြစ်သူ “ဒန်နီယယ်”ဟာ ပါတီပွဲတစ်ခုမှာ သေဆုံးသွားပါတယ်။ဒီသေဆုံးမှုကြောင့် အေးချမ်းတည်ငြိမ်နေတဲ့ ဆန်ကျူရီမြို့မှာ ဂယက်ရိုက်ခတ်သွားပါတယ်။ ဒီသေဆုံးမှုမှာ အဓိကတရားခံက “ဟာပါ”၊ အောက်လမ်းပညာနဲ့ သတ်လိုက်ပါတယ်ဆိုတဲ့ စွပ်စွဲချက်လည်းထွက်ပေါ်လို့လာပါတယ်။ ဒန်နီယယ်တစ်ယောက် ဘယ်လိုသေဆုံးသွားရတာလဲ။ မတော်တဆသေဆုံးမှုလား၊ အသတ်ခံရတာလား၊ ဟာပါကို စွပ်စွဲပြောဆိုနေတဲ့အချက်တွေက တကယ်ပဲ အမှန်တွေဖြစ်နေမလား။ ဆယ်ရာကရော သူ့သမီး စွပ်စွဲခံနေရတာတွေကို ဘယ်လိုကာကွယ်သွားမလဲပေါ့။ ဒီအမှုကို စစ်ဆေးဖော်ထုတ်တဲ့နေရာမှာ ဘာတွေဆက်ဖြစ်လာမလဲ…ဆက်လက်စောင့်မျှော်လိုက်ကြပါဦး။