Mommy HD

Mommy

Drama HD 2014-09-19 8.251 138 Min

ဒီတစ်ခေါက်တင်ဆက်ချင်တာကတော့ လူတိုင်းလက်မလွှတ်သင့်တဲ့ရုပ်ရှင်မျိုးဗျ။ဒီရုပ်ရှင်ကို ကနေဒါရုပ်ရှင်လောကရဲ့ မှတ်ကျောက်တစ်ခုလို့လည်း ဆိုကြပြန်ပါတယ်။ဒီရုပ်ရှင်က ခင်ဗျားကို ရင်ထဲဆို့နင့်သွားစေမယ့် ခံစားချက်တွေနဲ့အတူမွန်းကြပ်သွားအောင်လုပ်နိုင်တဲ့ ရုပ်ရှင်လို့ပြောရင်လည်း မမှားပါဘူး။ချစ်ခြင်းမေတ္တာရဲ့ဆန်းကြယ်မှုဟာဘဝရဲ့အမှောင်မိုက်ဆုံးအခိုက်အတန့်တွေမှာတောင်အစွမ်းကုန် တောက်ပနေတတ်ပါတယ်။  ဒါပေမယ့် ချစ်နေရုံနဲ့ပဲ လူတွေကို ကယ်တင်ပေးလို့ရမလားဆိုတာကတော့ဖြေရခက်တဲ့ မေးခွန်းပါပဲ။ဒါပေမယ့် ဒီမေးခွန်းရဲ့အဖြေကို Xavier Dolanဟာ ဒီရုပ်ရှင်နဲ့အတူလှပသေသပ်စွာ ဖြေခဲ့တယ်လို့ ပြောရလိမ့်မယ်ဗျ။ဇာတ်လမ်းအကြောင်းဆက်မပြောခင်မှာဒီရုပ်ရှင်ရဲ့အောင်မြင်မှုအကြောင်းကို ပြောပြချင်တယ်ဗျ။ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့သူကတော့ ကနေဒါနိုင်ငံသားတစ်ဦးဖြစ်တဲ့ Xavier Dolanပဲဖြစ်ပါတယ်။ရိုက်ကူးခဲ့တဲ့အချိန်မှာ သူဟာ အသက်25နှစ်အရွယ်ပဲရှိသေးတာပါ။ဒီရုပ်ရှင်ကို Cannes ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ပြီး Jury Prizeရရှိခဲ့ပါတယ်။နောက်ပိုင်းမှာလည်း ဆုပေါင်း ၅၀ကျော်အထိရရှိခဲ့ပြီး nominationပေါင်း၆၀ကျော်ဝင်ခဲ့ပါတယ်။ ဒါဆိုရင်တော့ ဘယ်လောက်အောင်မြင်လဲ ခန့်မှန်းမိမှာပါ။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်တွေကတော့ ဒီယန်းလို့ခေါ်တဲ့တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့သားဖြစ်သူစတိဗ်တို့ဖြစ်ပါတယ်။စတိဗ်ဟာ သူ့အမေကိုအရမ်းချစ်တဲ့ သားတစ်ယောက်လို့ပြောရမယ်။ဒါပေမယ့် စတိဗ်ဟာ စိတ်ကျန်းမာရေး ချို့ယွင်းမှုတွေကြောင့်ပြုပြင်ရေးစင်တာကို အပို့ခံထားရတဲ့ကောင်လေးတစ်ယောက်ပါ။တစ်နေ့မှာတော့ စင်တာမှာအတူနေတဲ့ ကောင်လေးတစ်ယောက်ကိုမီးလောင်စေမှုကြောင့် စတိဗ်ကို စင်တာက ထုတ်ပယ်လိုက်ပါတယ်။ဒီလိုနဲ့ ငွေရေးကြေးရေးကြပ်တည်းရုန်းကန်နေရတဲ့ဒီယန်းတစ်ယောက် စတိဗ်ကို အိမ်ပြန်ခေါ်လာဖို့အကြောင်းဖန်လာပါတော့တယ်။ဒီလိုနဲ့ စတိဗ်ရဲ့ စိတ်အအခြေအနေအရ ရိုင်းစိုင်းတဲ့အပြုအမူတွေကြမ်းတမ်းတဲ့လုပ်ရပ်တွေကိုရင်ဆိုင်လာရတဲ့အခါမှာမိခင်ဖြစ်သူ ဒီယန်းတစ်ယောက်ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်းကို စစဖွင့်လိုက်ချင်းတော့ ‘ဟာဘာလို့ရှည်မျှောမျှောကြီးဖြစ်နေတာလဲ’လို့တွေးကောင်းတွေးမိပါလိမ့်မယ်။ဒါပေမယ့် ဒီလိုဖြစ်နေတာကိုက ဇာတ်လမ်းရဲ့ အနုပညာဆန်တဲ့အရသာပဲလို့ ပြောရမယ်ဗျ။ရှည်မျှောမျှောဖြစ်နေတဲ့ aspectratioကပဲ ကြည့်တဲ့သူတွေကိုဇာတ်ကောင်တွေရဲ့ မွန်းကြပ်ဖို့ကောင်းတဲ့ဘဝထဲ အရောက်ပို့ခဲ့တာပါ။ကြည့်ရင်းနဲ့ တချို့ဇာတ်ဝင်ခန်းတွေရောက်ရင်တော့ Xavier Dolanတစ်ယောက်သူ့ရဲ့ရုပ်ရှင်ကိုဘာလို့ဒီလိုပုံစံဖြစ်အောင် လုပ်ခဲ့တာလဲဆိုတာကိုကောင်းကောင်းသဘောပေါက်သွားလိမ့်မယ်ဗျ။ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်းအရမ်းချီးကျူးဖို့ကောင်းတယ်လို့ ပြောရမယ်ဗျဒီယန်းအဖြစ်သရုပ်ဆောင်တဲ့ Anne Dorvalဆိုရင်သူခံစားနေရတဲ့အတိုင်း ကြည့်နေတဲ့သူတွေကိုပါ ပျော်ရွှင်လိုက်ရင်မောလိုက် ဖြစ်အောင်လုပ်သွားနိုင်ပါတယ်။စတိဗ်အဖြစ်သရုပ်ဆောင် ခဲ့တဲ့ AntoineOlivier Pilonဆိုရင်လည်းအသက်ငယ်ငယ်လေးနဲ့ အရမ်း complexဖြစ်တဲ့ဇာတ်ကောင်တစ်ကောင်ကို ဖော်ကျူးသွားခဲ့တာပါ။ အချုပ်အားဖြင့်ပြောရရင်တော့ Lana Del Reရဲ့သီချင်းထဲကလိုပဲ‘တစ်ခါတစ်လေမှာ အချစ်ဟာ မလုံလောက်ပဲဖြတ်သန်းရမယ့် ခရီးလမ်းကလည်း ကြမ်းတမ်းလာတတ်ပါတယ်’။ဒါကြောင့် လက်ရှိအချိန်လေးမှာပဲ တစ်ယောက်ကိုတစ်ယောက်ရယ်မောပျော်ရွှင်အောင်လုပ်ပေးရင်း၊ ဖေးမကူညီကြရင်းနဲ့ အတူတူဖြတ်သန်းကြတာ အကောင်းဆုံးပါပဲ။ ဒီရုပ်ရှင်ဟာ ကြည့်တဲ့သူကို စလယ်ဆုံး ခံစားချက်ပေါင်းများစွာပေးပြီးဆွဲခေါ်သွားမှာဖြစ်သလို၊ဇာတ်သိမ်းသွားတဲ့ အချိန်မှာလည်းကြည့်တဲ့သူတွေ တွေးစရာကိုယ်စီနဲ့ ငိုင်ပြီးကျန်နေခဲ့လိမ့်မယ်လို့ အာမခံပါတယ်။ဒီတော့ ရုပ်ချင်ချစ်သူတွေအနေနဲ့ အပြေးလေးသာ ကြည့်လိုက်ပါတော့ဗျ။ R ratedfilmဖြစ်တဲ့အတွက် ရိုင်းပြတဲ့အသုံးအနှုန်းတွေနဲ့ဆဲဆိုတဲ့ စကားလုံးတွေ ပါဝင်တာကိုတော့ သတိပြုစေချင်ပါတယ်ဗျ