ဇာတ်ကားနာမည်ကတော့ A bride for Rip Van Winkle လို့ခေါပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ နာနာမီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ဘဝအကြောင်းကို လက်တွေ့နဲ့ထင်ဟပ်အောင်ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောရရင်တော့ နာနာမီဆိုတဲ့ကောင်မလေးက စားဝတ်နေရေးအတွက်အချိန်ပိုင်းဆရာမအဖြစ်လုပ်ကိုင်နေသူ တစ်ဦးပါ။သူဟာ အွန်လိုင်းဒိတ်တင်း app ကနေ ကောင်လေးတစ်ယောက်နဲ့ စတွေ့ခဲ့တယ်။နှစ်ယောက်အတူ ချိန်းတွေ့ဖြစ်ကြပြီးအဆင့်တွေတက်သွားရင်းနဲ့ နောက်ဆုံးမှာနှစ်ဦးဟာမင်္ဂလာဆောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နာနာမီဟာ အွန်လိုင်းကတွေ့တဲ့သူနဲ့ အိမ်ထောင်တစ်ခုကိုထူထောင်ရတာ မယုံကြည်နိုင်စရာလို့ ထင်ပေမဲ့လက်တွေ့မှာ သူဟာ ဒီအိမ်ထောင်ကိုတန်ဖိုးထားသူပါ။အိမ်ထောင်မှုနိုင်ဖို့အတွက် နာနာမီဟာ ဆရာမအလုပ်ကနေတောင်ထွက်ခဲ့ပြီးတော့ အိမ်ရှင်မကောင်းပီသအောင် နေထိုင်ခဲ့ပါတယ်။ဒါပေမဲ့ နောက်ပိုင်းမှာတော့ယောက်ျားဖြစ်သူကတစ်ပတ်ကို နှစ်ရက်လောက် အပြင်မှာထမင်းထွက်စားတာမျိုးရှိလာသလို အိမ်ထဲမှာလည်းမိန်းကလေးနားဆွဲတစ်ဖက်ကိုပါ တွေ့ခဲ့တယ်။ ဒါကို သိခဲ့တဲ့ နာနာမီဟာသူ့ယောက်ျားအကြောင်းကိုစုံစမ်းဖို့ လူတစ်ယောက်ကို စေခိုင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ နာနာမီ မထင်မှတ်ထားတဲ့အပြောင်းအလဲတွေ ရောက်လာမှာ ဖြစ်ပါတယ်။ဘယ်လိုမျိုး plot twist တွေရောက်လာမလဲဆိုတာကိုတော့ပရိသတ်ကြီးတို့ကိုယ်တိုင် ကြည့်ရှုလိုက်ပါ။ ဒီဇာတ်ကားက နာနာမီရဲ့ ဘဝအပိုင်းအခြားတစ်ခုမှာ ကြုံတွေ့ရတဲ့လောကဓံတွေကို ရိုက်ပြထားတာ ဖြစ်တာမလို့သူ့ရဲ့စားဝတ်နေရေးအတွက် ရုန်းကန်ရပုံတွေ၊ အချစ်ရေးရဲ့အတက်အကျတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ ဝင်လာသူတွေလည်းရှိသလိုထွက်လာသူတွေလည်း ရှိတယ်အရင်းနှီးဆုံးလို့ထင်ရသူတွေက သူစိမ်းဖြစ်နေသလိုသူစိမ်းလို့ထင်ရသူတွေ အရင်းနှီးဆုံးလူ ဖြစ်နေတတ်ပြန်တယ်။ဒီလိုမျိုး လူ့သဘောသဘာဝတွေကို ဒီဇာတ်ကားလေးထဲမှာကြည့်ရှုရမှာမလို့လက်တွေ့ဆန်တဲ့ ဇာတ်လမ်းမျိုးတွေကိုကြည့်ရှုရတာ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတွေလက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။