ဘ၀ဆိုတာ ဘယ်တော့မှ ထင်သလိုဖြစ်မလာတတ်ပါဘူး။ဖြစ်ချင်တာ အမြဲဖြစ်မလာတတ်သလို မဖြစ်ချင်တာတွေဖြစ်တတ်တာလည်း လောကသဘာ၀လို့ ဆိုရမလားပါပဲ။အဲဒီဘ၀အခြေအနေကပဲ လူကောင်းကို လူဆိုး၊လူဆိုးကို လူကောင်း ဖြစ်သွားစေတဲ့အဖြစ်တွေဟာလည်း ဒုနဲ့ဒေပါ။အခုမိတ်ဆက်ပေးမဲ့ ဇာတ်လမ်းကလည်းအဲဒီလို ဘ၀အရှုပ်အထွေးတွေကို အထင်အရှား ရိုက်ပြထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာတော့ “My family” အက်ဆေးရေးခိုင်းရာကနေမာနစ်ကမ်တို့ မိသားစုဘ၀လေးကိုချစ်စရာကောင်းအောင် ပုံဖော်ပြသွားပါတယ်။မာနစ်ကမ်ဟာ ရိုးသားဖြောင့်မတ်ပြီး ဖော်ရွေတာကြောင့် လူချစ်လူခင်ပေါသူပါ။ထီဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီး ဇနီးရယ်၊ သမီးလေးနှစ်ယောက်ရယ်၊ဆွေမျိုးတချို့ရယ်နဲ့ အတူ ပျော်ပျော်ပါးပါးနေထိုင်ပါတယ်။မချမ်းသာပေမဲ့ အေးချမ်းပြီး ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပေါ့။ဒါပေမဲ့ တစ်နေ့မှာတော့ အေးချမ်းတဲ့ဘ၀ကို လိုလားပုံမရတဲ့ ကံဇာတ်ဆရာကမာနစ်ကမ်တို့မိသားစုဘ၀ကို လှိုင်းဂယက်ထသွားအောင် ပြောင်းလဲပစ်လိုက်ပါတယ်။အေးချမ်းတဲ့နောက်ကွယ်မှာ အခက်အခဲတချို့နဲ့ ငွေကြေးမပြေလည်မှုတွေရှိနေတဲ့မာနစ်ကမ်တို့မိသားစုလေးကို ကံကြမ္မာက ဘယ်လိုကျီစယ်လဲ၊ဘ၀အခြေအနေက လူတွေဘယ်လိုပြောင်းလဲသွားစေမလဲဆိုတာကို ဘ၀ရသစုံလင်စွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဒရာမာသက်သက်မဟုတ်ဘဲ မှုခင်းနဲ့ thriller ကိုပါပေါင်းစပ်ထားတာမို့ Bollywood ပရိသတ်အတော်များများလည်း အကြိုက်တွေ့ကြမှာပါ။