အလုပ်ထဲမှာပဲ ဘဝတစ်ခုလုံး နှစ်မြှုပ်ထားပြီး အချစ်ရေးကို ဘေးဖယ်ထားခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဟာ နွေးထွေးကြင်နာတတ်တဲ့ ကောင်လေးနဲ့ ဆုံတွေ့ပြီးနောက်ပိုင်း အလုပ်ရော ဘဝမှာပါ ဟန်ချက်ညီညီ လျှောက်လှမ်းသွားနိုင်ပုံကို ရိုက်ကူးထားတဲ့ Office Healing Romance စီးရီးသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးက Chinese drama ဖြစ်တဲ့ The Rational Life (2021) ကို remake ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Marry My Husband ထဲက မင်းသမီး Park Min Young ၊ The Haunted Palace ထဲက မင်းသား Yook Sung Jae နဲ့ Missing: The Other Side ထဲက မင်းသား Go Soo တို့က အဓိကပါဝင်ထားပြီး နာမည်ကြီး သရုပ်ဆောင်များစွာလည်း ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ************** ကားကုမ္ပဏီတစ်ခုရဲ့ ဥပဒေရေးရာဌာနမှာ အရေးပါတဲ့ ရာထူးတစ်ခုကို ရယူထားရတဲ့ ဂန်အီဂျီ (Park Min Young) ဟာ အလုပ်ကို ဘဝရဲ့ အဓိကဦးစားပေးအဖြစ် သတ်မှတ်ထားတဲ့ Workaholic တစ်ယောက်ပါ။ အိမ်ထောင်ရေးကို လုံးဝဆန့်ကျင်တာမျိုး မဟုတ်ပေမဲ့ အချစ်ဆိုတာ ဟော်မုန်းတွေရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ယာယီခံစားချက်တစ်ခုသာ ဖြစ်တယ်လို့ ယုံကြည်ထားသူပါ။ လက်တွေ့ကျပြီး အရာရာကို အကျိုးအကြောင်းနဲ့ ချင့်ချိန်စဉ်းစားတတ်တဲ့ ဂန်အီဂျီဟာ ကိစ္စရပ်တိုင်းကို စိတ်လိုက်မာန်ပါ တုံ့ပြန်ခြင်းထက် ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့သာ သက်သေပြလေ့ရှိပါတယ်။ တစ်ဖက်မှာတော့ ဥပဒေပညာကို သင်ယူခဲ့ပေမဲ့ ကိုယ်တိုင်ဝါသနာပါရာ လက်ဝတ်ရတနာဒီဇိုင်းလောကကို ရွေးချယ်ထားသူ ဟန်ဆွန်းအူ (Yook Sung Jae)ကတော့ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်ပြီး နွေးထွေးရင့်ကျက်တဲ့ စိတ်ထားကို ပိုင်ဆိုင်ထားသူပါ။ နောက်ပိုင်းမှာ Chronic Motors ရဲ့ ဥပဒေရေးရာဌာနကို အလုပ်သင်အဖြစ် ဝင်ရောက်လာခဲ့ပြီး သူ့ရဲ့ထက်မြက်မှုနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အဖွဲ့ဝင်တွေရဲ့ ယုံကြည်မှုကို ရရှိလာခဲ့ပါတယ်။ အထူးသဖြင့် ဂန်အီဂျီနဲ့ ပတ်သက်လာတဲ့အခါ ဂန်အီဂျီလို အရာရာကို တွက်ချက်နေခြင်းထက် ကိုယ့်ရဲ့ခံစားချက်ကို ယုံကြည်ပြီး ရဲရဲဝံ့ဝံ့ ရှေ့ဆက်တတ်သူပါ။ အလုပ်ကိုသာ ဦးစားပေးခဲ့တဲ့ ဂန်အီဂျီတစ်ယောက် ဟန်ဆွန်းအူရဲ့ နွေးထွေးမှုတွေကြားမှာ အချစ်ရဲ့အဓိပ္ပာယ်ကို နားလည်လာနိုင်ပါ့မလား .. ရုံးဝန်ထမ်းတွေ အမှန်တကယ် ကြုံတွေ့ရလေ့ရှိတဲ့ လုပ်ငန်းခွင် ဖိအားတွေ၊ အချစ်ရေးကို အချိန်မပေးနိုင်ဖြစ်နေတဲ့ လူငယ်လူလတ်ပိုင်းတွေရဲ့ ခံစားချက်ကို ထိထိမိမိ ရိုက်ပြထားတဲ့ Comfort Rom-Com လေးမို့လို့ အပတ်စဉ် ဗုဒ္ဓဟူးနဲ့ကြာသပတေးနေ့တိုင်း စောင့်မျှော်ခံစားကြည့်ပါဦးနော် ..